Sunday, August 8, 2010

ခွန်အားသစ် ၂ နှစ်မြောက်မွေးနေ့



ရေခြားမြေခြားမှာ ဖြစ်ပေမယ့် အားအင်အသစ်တွေနဲ့
သာရေးနာရေးအစုစုကို ကောင်းမှုတွေပြုပါလို့
အကြောင်းကြောင်းတွေရယ် စုလိုက်တော့
ရင်တွင်းကလာတဲ့ ပေါင်းစည်းခြင်းများ သွေးမြစ်သဖွယ်စီးဆင်းသွား
ငါတို့လုပ်ခဲ့တဲ့ မော်ကွန်းသစ်များ
ခွန်အားသစ်ဆိုတဲ့ သမိုင်းမျက်နှာစာ
ကမ္ဘာ့ ရွှေ့ပြောင်းအလည် မာန်ဝံ့ကာထည်လိုက်မယ်
ဝသုန် ပံသု ဟည်းစေသား….။

ခွန်အားသစ်တဲ့
ဘဝတူလုပ်သားများ စိတ်တူကိုယ်တူထား
ရတဲ့ လစာလေးတွေကို အလှူငွေမတည်
သပိတ်တောင် မသွတ်လိုက်ရတဲ့ ရင်နာစရာနာရေးတွေကိုကူညီ
ကြိတ်ငိုရှိုက်တဲ့မျက်ရည်သံတွေကြား
ဗျာများခဲ့ရ ဘူးတယ်လေ……….
သူများမြေမှာ နာရေးတခု ဖြစ်ပြီဆိုတာ
လွယ်သောအလုပ်တခုမဟုတ်…
ရွှေ့ပြောင်းတွေရဲ့ ဒုက္ခသရုပ်ပေါ့လေ
အလောင်းမြေကျဘို့အရေး ဝိုင်းဝန်းကူညီပေးတာတောင်မှ
အဖက်ဖက်မှလိုအင် ကွက်လပ်တွေနဲ့
ပြည့်နေတာအမှန်ပင် ဖြစ်တဲ့အတွက်
မွန်မြတ်တဲ့စိတ်ထား ခွန်အားသစ်ရဲ့ဝိုင်းတော်သားများ
ခု ၂ နှစ်အတွင်းမှာ နာရေး ကူညီဆောင်ရွက်ပေးတာ
၁၇ ကြိမ်ထက်မနဲ ရှိနေခဲ့ပါတယ်ခင်ဗျာ……။


ဒါတင်မကပဲ
ဝါတွင်းကာလ သုံးဌာနတွက်
စုပေါင်းသင်္ကန်း ဆွမ်းရေချမ်းကို
ဝိုင်းတော်သားတွေဦးစီး ဓမ္မဒါနကြီးကိုလည်း
အောင်မြင်စွာဆောင်ရွက် အလုပ်သမားတွေရဲ့ပီတိမျက်နှာ
တရားဓမ္မ အရောင်တွေ လက်နေခဲ့တာ ခုထိမြင်ယောင်ဆဲပါ
သီတင်းကျွတ် တန်ဆောင်မုန်းနဲ့
ကထိန်သင်္ကန်းကပ်လှူတုန်းလည်း ခွန်အားသစ်ရဲ့အလုပ်သမားတံဆိပ်
နေရောင်မှာ တဖိတ်ဖိတ်တောက်ခဲ့ဘူးတာ
လုပ်သားများရဲ့ စုပေါင်းအားတွေပါ
ဒါတွေတင် မဟုတ်သေးပါဘူးခင်ဗျာ
မြန်မာတို့ရဲ့ နှစ်သစ်ကူး အခါသမယ
သင်္ကြန်ကာလတွင်းမှာလည်း
ရဟန်း ကိုရင် သီလရှင်များ သာသနာ့ဘောင်သွတ်သွင်းရေး
ခွန်အားသစ်မှပဲ ဦးစီးဆောင်ရွက်ပေးခဲ့တာကြောင့်
အလှူဒါယကာ ခွန်အားသစ် ရွှေ့ပြောင်းတို့ရဲ့အလည်မှာ ဂုဏ်ဝင့်ခဲ့ရပြန်ပေါ့တခါ…….။

ရွှေ့ပြောင်းတို့ရဲ့ ရင်ထဲမှာ
ခွန်အားသစ်ဟာ အလုပ်သမားထုအတွက်
အလွန်အားဖြစ်တယ်လို့ ထင်ထားရင်ပဲ
ဝိုင်းတော်သားတို့အဖို့ ပင်ပန်းရကျိုး...အနစ်နာခံရကျိုးနဲ့
ကျိုးစားရကျိုးတွေနပ်လို့ ပီတိတွေကို စားသုံး
ဘဝအကုန်လုံးကိုပဲ အများအကျိုးတွက်ပေးဆပ်
၂ နှစ်သား ခွန်အားသစ်မှ သည်
အားမာန်သစ်တွေနဲ့ အားမာန်ဝင့်လို့ချီပြီး
ကမ္ဘာပေါ်မှာ ရွှေ့ပြောင်းဆိုတာ ရှိနေသရွေ့
ခွန်အားသစ်ဆိုတာ တည်နေမှာပါလေ…..။

အဲဒါကြောင့်……….
ရေခြားမြေခြားမှာ ဖြစ်ပေမယ့် အားအင်အသစ်တွေနဲ့
သာရေးနာရေးအစုစုကို ကောင်းမှုတွေပြုပါလို့
အကြောင်းကြောင်းတွေရယ် စုလိုက်တော့
ရင်တွင်းကလာတဲ့ ပေါင်းစည်းခြင်းများ သွေးမြစ်သဖွယ်စီးဆင်းသွား
ငါတို့လုပ်ခဲ့တဲ့ မော်ကွန်းသစ်များ
ခွန်အားသစ်ဆိုတဲ့ သမိုင်းမျက်နှာစာ
ကမ္ဘာ့ရွှေ့ပြောင်းအလည် မာန်ဝံ့ကာထည်လိုက်မယ်
ဝသုန် ပံသု ဟည်းစေသား………….။

( ၂ နှစ်သား ခွန်အားသစ်အား ဂုဏ်ပြုလိုက်ပါသည် )
ကိုမဲကြီး

No comments: