Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Friday, January 15, 2010

“ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက်ပြန်ပို့မှု”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးစနစ် ကတိမ်းကပါးဖြစ် နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကို အလေးဂရုပြုဖို့ ငြင်းဆန် နေသေးသမျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့မူဝါဒကျဆုံး မှုအတွက် အကြီးဆုံးအရှုံးသမားတွေ ဖြစ်နေကြရအုံးမှာ ပဲဖြစ်ပါတယ်။ အသေအချာ အကြီးမားဆုံးအနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ထဲမှာ ခြစားလောက် ကိုက်မှုတွေ ရှိနေအုံးမှာဖြစ်သလို ဂိုဏ်းဖွဲ့လူကုန်ကူး မှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေအုံးမှာပဲ ... အပြည့်အစုံသို့

Friday, September 18, 2009

ကမ္ဘာပြားပေါ်က မြန်မာအလုပ်သမားများ

(ဂါမဏိ)
၂၁ ရာစုဒီဘက်ပိုင်းမှာ ကမ္ဘာကြီးပြားသွားပြီ ဆိုတဲ့အသံတွေ နားမဆံ့အောင်ကို ကြားနေ ရပါတယ်။ ပြားသွားတယ်ဆိုတာက တကမ္ဘာ လုံးရဲ့စီးပွားရေး ဆက်သွယ်ရေး ကူးသန်းရေး တွေ တဆက်တည်း ဖြစ်သွားပြီလို့ပြောတာ ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို မဖွံ့ဖြိုး သေးတဲ့နိုင်ငံတွေမှာ လာဖွင့်ကြတယ်၊ သူဋ္ဌေး တွေက တကမ္ဘာလုံးနဲ့ တမုဟုတ်ချင်း ထိုင် ရာမထ ဆက်သွယ်ပြီး ရောင်းဝယ်နိုင်ကြတယ်၊ ဒါကြောင့် တချိန်က အလုပ်ရှားပါး လုပ်ခနိမ့် ကျ ဖွံ့ဖြိုးမှုနောက်ကျခဲ့တဲ့ နိုင်ငံတွေ ဒေသတွေ အလုပ်တွေပေါ ဝင်ငွေတွေတိုးပြီး ဆင်းရဲတွင်းကလွတ်လာကြတယ်လို့ ကမ္ဘာပြားရှေ့နေ တွေက မစားရဝခမန်း ဝါဒဖြန့်ကြော်ငြာ နေပါတယ်။ ဥပမာတွေအဖြစ် တရုတ်၊ ဗီယက် နမ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယတို့ကိုလည်း ထောက်ပြနေကြပါတယ်။

နောက်ပြီးတော့ ကမ္ဘာ့ပဒေသာပင်ခေတ်ကြီး ရောက်ပြီဆိုပြီး စိုက်ပျိုးရေးတို့၊ စက်မှုလုပ် ငန်းတို့နေရာမှာ နည်းပညာအဆင့်မြင့်လုပ်ငန်းတွေ၊ အသိဉာဏ်လုပ်ငန်းတွေက အစား ထိုးလွှမ်းမိုးသွားပြီလို့လည်း တဆိတ်ကို တအိပ်လုပ် ကြွေးကြော်နေကြပြန်ပါတယ်။

ဒါကြောင့် စာအုပ်တွေထဲပြောတာတွေကို အသာထားပြီး တကယ့်လက်တွေ့ အခြေအနေ တွေကိုလေ့လာ ကြည့်ကြရအောင်။

စက်မှုလုပ်ငန်းထွန်းကားတဲ့ ပင်ရင်းနိုင်ငံတွေကိုကြည့်တဲ့အခါ အမေရိကန်နိုင်ငံမှာ အနိမ့် ဆုံးလုပ်အားခက တနာရီကို ၇ ဒေါ်လာ တနှစ်ကို ဒေါ်လာ ၁၅ဝဝဝ ရှိပါတယ်။ ပြင်သစ်မှာ တနာရီ ၉ ယူရို တနှစ်မှာ ဒေါ်လာ ၁၇ဝဝဝ၊ ဂျပန်မှာ တနာရီ ယန်း ၇ဝဝ တနှစ်ကို ဒေါ် လာ ၁၁ဝဝဝ၊ တောင်ကိုးရီး ယားမှာ တနာရီ ဝမ် ၄ဝဝဝ တနှစ်မှာ ဒေါ်လာ ၁ဝဝဝဝ၊ တိုင် ဝမ်မှာ တနာရီကို တိုင်ဝမ်ဒေါ်လာ ၁ဝဝ တနှစ်မှာ ဒေါ်လာ ၁၂ဝဝဝ၊ ဟောင်ကောင်မှာ တ လကို ဟောင်ကောင် ဒေါ်လာ ၃၅ဝဝ တနှစ်ကို ဒေါ်လာ ၈ဝဝဝ ရှိကြပါ တယ်။

အဲဒီနိုင်ငံတွေက အထည်ချုပ်စက်ရုံကို တရုတ်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်း၊ မြန်မာနိုင်ငံ စတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့နိုင်ငံတွေဆီ ရွှေ့ပြောင်းဖွင့်ကြတဲ့အခါ တရုတ်ပြည်မှာသွားဖွင့်ရင် လုပ် အားခ တလကို ယွမ် ၁ဝဝဝ တနှစ်ကို ဒေါ်လာ ၁၅ဝဝ၊ ဗီယက်နမ်မှာ တနှစ်ကို ဒေါ်လာ ၁ဝဝဝ ၊ ထိုင်းမှာ တရက်ကို ဘတ် ၂ဝဝ တနှစ်ကို ဒေါ်လာ ၂၃ဝဝ၊ မလေးရှားမှာ တလကို ရင်းဂစ် ၃၅ဝ တနှစ်ကို ဒေါ်လာ ၄၅ဝဝ၊ မြန်မာနိုင်ငံမှာ တရက် ကျပ် ၁ဝဝဝ တနှစ်မှာ ဒေါ်လာ ၃ဝဝ နှုန်းပေးရပါတယ်။

အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေအတွက် ကွန်ပျူတာ အင်တာ နက် တယ်လီဖုံးစတဲ့ အဆင့်မြင့်ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းတွေကို လက်ခွဲလုပ် ပေးနေရပါတယ်။ အဲဒီ အလုပ်သမားမျိုးကို အမေရိကန်နိုင်ငံမှာဆိုရင် လုပ်ခ တနှစ်ကို ဒေါ်လာ ၂ဝဝဝဝ ကျော်ပေးရပေမဲ့ အိန္ဒိယမှာတော့ ဒေါ်လာ ၉၅ဝဝ လောက်ဘဲ ပေးရ ပါတယ်။

ကျနော်တို့နဲ့ဆိုင်တဲ့အပိုင်းကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံမှာ တရားဝင်သတ်မှတ်ထားတဲ့ အနိမ့် ဆုံး လုပ်ခက ဘတ် ၁၄ဝ လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်ကလာတဲ့ အလုပ် သမားတွေ ရတာက (မဲဆောက်မှာ) အလွန်ဆုံး ၈ဝ လောက်ဘဲ ရပါတယ်။ အများစုကတော့ ၅ဝ-၆ဝ လောက်ဘဲ ရကြပါတယ်။ သူဋ္ဌေးက နေ စရိတ် စားစရိတ်တွေ မတန်တဆ ဖြတ်ထားလို့ပါ။ စိုက်ပျိုးရေး အလုပ်သမားတွေနေရတဲ့ ဘဝက ပို ဆိုးပါတယ်။ တောထဲ တောင်ထဲမှာ လူတယောက် ခြေထောက်ဆန့်အိပ်လောက်အောက်ဘဲကျယ်တဲ့ တဲအိမ်ကလေးတွေမှာ ကြယ်မြင်လမြင် နေရပါတယ်။ ထရံကို စက္ကူတွေ ဆာလာအိပ်ခွံ တွေကာထားပြီး ကျနော်တို့တိုင်းပြည်က လယ်တဲသာသာဘဲရှိပါတယ်။ ပညာရေး ကျန်းမာရေး အားကိုးစရာ မရှိသလောက်ပါဘဲ။ အခုနောက်ပိုင်း ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကျောင်းကလေးတွေ ပေါ်လာပေမဲ့ ကျန်းမာ ရေးအတွက်အားကိုးစရာ မယ်တော်ဆေးခန်းကိုတော့ ထိုင်းရဲအဖမ်းခံရမယ့် အန္တရာယ် ကြားက စွန့်စားသွားရပါတယ်။ ထိုင်းရဲအပြင် ထိုင်းလဝက၊ လူဆိုးဂိုဏ်းတွေနဲ့ ထိုင်းလမ်း သရဲတွေ ငွေညှစ် ဗိုလ်ကျနှိပ်စက်တာကလည်း ရှိပါသေးတယ်။

ရနောင်း၊ မဟာချိုင်ဘက် ငါးဖမ်းစက်လှေနဲ့လိုက်ရတဲ့ မြန်မာအလုပ်သမားတွေကတော့ မနက်တိုင်း မျက်နှာသစ်စရာခေါင်းရှိသေးလား စမ်းနေရတဲ့ဘဝမှာ ခပ်များများဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာပြားတဲ့အကျိုးအမြတ်အဖြစ် အလုပ်သမား ၁ဝဝ ရှိတဲ့ စက်ရုံပိုင်သူဋ္ဌေးဟာ အမေရိကန်ကနေ မဲဆောက်ကို ရွှေ့လာတဲ့အတွက် တနှစ်ကို ဒေါ်လာ ၁ သန်း ၃ သိန်း ပိုမြတ်သွားပါတယ်။ တိုင်ဝမ်သူဋ္ဌေးဆိုရင်တော့ တနှစ်မှာ ဒေါ်လာ ၁ သန်းပိုမြတ်ပါလိမ့် မယ်။ မြန်မာအလုပ်သမားတွေအနေနဲ့တော့ ဗမာပြည်မှာ မဝယ်နိုင်တဲ့ ရွှေတို ရွှေစ ဝယ် နိုင်၊ ဟဲင်းဖုံးကိုင်နိုင်၊ မြို့ပေါ်အလုပ်သမားတွေဆိုရင် ၂၄ နာရီလျှပ်စစ်မီးနဲ့နေနိုင်တဲ့ ထိုင်း နိုင်ငံမှာ အလုပ်လုပ်တာဟာ ဗမာပြည်မှာထက် တနှစ်ကို ဒေါ်လာ ၂ဝဝဝ လောက် ဝင်ငွေ ပိုလာပြီး မလေးရှားမှာဆိုရင် ဗမာပြည်ထက် တနှစ်ကို ဒေါ်လာ ၄၂ဝဝ ပိုဝင်မှာဖြစ်ပါ တယ်။ ဒါဟာ အမေရိကန်အလုပ်သမားရဲ့ အစွန်းထွက်လောက်ဘဲ ရတာဖြစ်ပြီး သူတို့ ထက် ဒေါ်လာ ၁ဝဝဝဝ ကျော်လျော့နေပါသေးတယ်။ ဒါကြောင့် ကမ္ဘာပြားတယ်ဆိုတာ စက်ရုံရှင် လုပ်ငန်းရှင်သူဋ္ဌေးတွေအတွက်ပဲ အဓိကဖြစ်နေပါတယ်။

လုပ်ငန်းပုံစံပိုင်းကိုပြောရရင် တတိယလှိုင်းလို့ပြောတဲ့ အဆင့်မြင့် ကွန်ပျူတာ အင်တာ နက် ဆက်သွယ်ရေးစတဲ့ အသိဉာဏ်ပညာ အခြေခံလုပ်ငန်းတွေက ရှေ့ဆောင်အခန်းမှာ ရှိတယ်လို့ ပြောနေပေမဲ့ လက်တွေ့ကွင်းထဲမှာတော့ စက်မှုလုပ်ငန်းကဘဲ အဓိကလွှမ်းမိုး နေပြီး ထမင်းကျွေးနေတာဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄-၅ သန်းထဲက အားလုံးလိုလို ရပ်တည်နေရတာဟာ အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ၊ ငါးပုဇွန်စက်ရုံ၊ ဆောက်လုပ်ရေး၊ တောင်ယာ၊ ရာဘာခြံ၊ ဆီအုန်းခြံ၊ စားသောက်ဆိုင်၊ ဈေးဆိုင် စတဲ့လုပ် ငန်းတွေဘဲဖြစ်ပါတယ်။ အမေရိကန်ရောက်သွားတဲ့ မြန်မာဆရာဝန် ဆူရှီလိပ်နေရတာ၊ ဂျ ပန်ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာတွေ အိုးတိုက် ပန်းကန်ဆေး နေရတာဟာ ကမ္ဘာ ပြား တတိယလှိုင်းဝါဒဖြန့်ချက်တွေကို သရော်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားတွေတင်မကပါဘူး၊ တကမ္ဘာလုံးမှာ လုပ်ငန်းတန်ဖိုးအကြီးဆုံးလုပ်ငန်း ၃ ခုက (၂ဝဝ၂ ခု စာရင်း အရ) တရားဝင်စီးပွားရေးနယ်ပယ်မှာ ရေနံထုတ်လုပ်ရေး၊ မော် တော်ကားထုတ်လုပ်ရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတို့ဖြစ်ပြီး တရားမဝင်စီးပွားရေး နယ်ပယ်မှာတော့ လူကုန်ကူးလုပ်ငန်း၊ လက်နက်ကုန်ကူးလုပ်ငန်းနဲ့ မူးယစ်ဆေးကုန်ကူး လုပ်ငန်းတို့ဖြစ်ပါတယ်။ ကွန်ပျူတာလုပ်ငန်း၊ တယ်လီဖုံးလုပ်ငန်းတွေ မဟုတ်ပါဘူး။ စ တော့ ရှယ်ယာ တန်ဖိုးမှာတော့ ကွန်ပျူတာလုပ်ငန်းက ရှယ်ယာတွေက တန်ဖိုးမြင့်နေပြီး ကွန်ပျူတာလုပ်ငန်းနယ်ပယ်က အလုပ်သမားတွေဟာ လုပ်ခကောင်းပေမဲ့ စီးပွားရေး လောက တခုလုံးထဲမှာတော့ အင်အားအကြီးဆုံး မဖြစ်သေးပါဘူး။

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၅ ခုက (၂ဝဝ၆ ခုစာရင်း) အက်ဆွန်မိုဘင်းလ် (ရေနံလုပ်ငန်း)၊ ဂျီ အီး (လျှပ်စစ်လုပ်ငန်း)၊ စီးတီး (ဘဏ်လုပ်ငန်း)၊ ဘီပီ (ရေနံလုပ်ငန်း)၊ ရှဲလ် (ရေနံလုပ် ငန်း) တို့အစဉ်လိုက်ဖြစ်ပြီး မိုက်ကရိုဆော့ဖ် (ကွန်ပျူတာ လုပ်ငန်း) က နံပတ် ၇ အဆင့် ပဲရှိပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၁ဝ ခုထဲမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း က အဲဒီမိုက်ကရိုဆော့ဖ် တခုဘဲပါပါတယ်။

ဒါကြောင့် ကမ္ဘာပြားတာတွေ အဆင့်မြင့်နည်းပညာခေတ်ရောက်တာတွေဟာ ကျနော်တို့ အလုပ်သမားတွေ အထူးသဖြင့် မြန်မာအလုပ်သမားတွေအတွက် လက်တွေ့မကျတဲ့ စိတ် ကူးယဉ်အိပ်မက်တွေသာဖြစ်ပါတယ်။ မဲဆောက်က မြန်မာအလုပ်သမားတယောက်ဟာ အမေရိကန်ကအလုပ်သမားတယောက်နဲ့ တန်းတူလုပ်ခ မရသရွေ့၊ အိန္ဒိယက ကွန်ပျူတာ ပညာရှင်အလုပ်သမားတယောက်ဟာ အမေရိကန်က ကွန်ပျူတာပညာရှင် အလုပ်သမား တယောက်ရတဲ့ လစာ မရသေးသရွှေ့ ကမ္ဘာကြီးပြားနေတယ်လို့ မပြောနိုင်သေးပါဘူး။ အလွန်ဆုံးပြောရရင် အပြားလိုက်ကြီးစောင်းနေတယ်လို့ဘဲ ပြောနိုင်မှာဖြစ်ပြီး ပွင့်ပွင့်လင်း လင်းပြောရရင်တော့ သူဋ္ဌေးတွေက ပုံစံသစ်နဲ့ လူလည်ကျတာလို့ဘဲ ပြောချင်ပါတယ်။

ကမ္ဘာမှာ အဆင့်မြင့်နည်းပညာတွေ ရှေ့ဆောင်နေပြီး ဂလိုဘယ်လိုက်ဇေးရှင်း လို့ခေါ်တဲ့ တကမ္ဘာလုံးချီ ဆက်နွယ်မှုတွေ လွှမ်းမိုးလာပြီလို့ ပြောနေဟောနေပေမဲ့ ကမ္ဘာ့အလုပ်သ မားအများစုကြီးရဲ့ ဘဝကတော့ အဲဒီကမ္ဘာပြားတွေ တတိယလှိုင်းတွေနဲ့ အလှမ်းဝေးနေ ဆဲပါဘဲ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာပြည်တွင်းအလုပ်သမားတွေ ဆိုရင် နအဖစစ်အစိုးရ လက်ချက်ကြောင့် နိုင်ငံတကာ အလုပ်သမားတွေထက်ပိုပြီး အခွင့်မသာ ဖြစ်နေရပါတယ်။

ဂါမဏိ
သင့်ရဲဘော် ဂျာနယ်၊ အတွဲ(၃) အမှတ်(၁) သြဂုတ် ၂၀၀၉

Wednesday, September 2, 2009

ဒီနေ့ အဓိက ဦးတည်လုပ်သင့်တဲ့ လုပ်ငန်း

ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ စစ်အစိုးရဆန့်ကျင်သူတွေဟာ လုပ်ငန်းစဉ်တွေ အမျိုးမျိုး ချ မှတ်ကြပါတယ်။ ပါတီအဖွဲ့အစည်းတွေအနေနဲ့ရော၊ တပ်ပေါင်းစုတွေအနေနဲ့ပါ လုပ်ငန်းစဉ် တွေ ထွက်ပေါ်လာတာ မကြာခဏ တွေ့ကြရပါတယ်။ ဒါပေမယ့် ဒီနေ့အခြေအနေ၊ အထူး သဖြင့် သူ့ဖက်ကိုယ့်ဖက် အခြေအနေကို သုံးသပ်တာ အတော်လေး တွေ့ရခဲပါတယ်။ ကိုယ်ဖြစ်စေချင်တာ၊ ကိုယ်လုပ်ချင်တာကိုပဲ တင်ပြနေတာတွေက ပိုများသလားလို့။

သူ့ဖက်ကိုယ့်ဖက် အနေအထား၊ အင်အားကိုတွက်တာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကို အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို အမှန်အတိုင်း ချမှတ်နိုင်မှာဖြစ်ပါ တယ်။ အင်အားချိန်ခွင်လျှာကို တွက်ရာမှာ ရေရှည်သမိုင်းအမြင်နဲ့ လက်ငင်းလက်တွေ့ အ မြင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။ ရေရှည်သမိုင်းအမြင်သဘောပြောရရင် ပြည်သူလူထုဟာ မုချအောင်ပွဲခံမှာပါ။ စစ်အုပ်စု၊ စစ်အာဏာရှင်တွေဟာ မုချကျဆုံးမှာပါ။ ဒါကြောင့်မို့ ကျနော်တို့ဟာ အနာဂတ်ကိုပိုင်ဆိုင်တဲ့ ပြည်သူလူထုကြီးနဲ့ လက်တွဲတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်တွေ့လက်ငင်းအခြေအနေမှာ ပြည်သူလူထုဟာ အောင်ပွဲမခံနိုင်သေးပါ ဘူး။ ဒါ့အပြင် အင်အားလည်း သေးငယ်ပါသေးတယ်။ ကိုယ့်ဖက်က ထိုးစစ်မဆင်နိုင်ဘဲ စစ်အာဏာရှင်တွေက သူတို့ရဲ့လမ်းပြမြေပုံကို တောက်လျှောက် အကောင်အထည်ဖော် နေနိုင်တာဟာ ဒီလက္ခဏာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုမြင်သာအောင် ၁၉၈၈-၉ဝ ကာလ နဲ့ ဒီနေ့ကာလကို ယှဉ်ပြောပါ့မယ်။ ရှစ်လေးလုံးအရေးတော်ပုံကနေ ၉ဝ ခုနှစ် ရွေး ကောက်ပွဲအထိကာလဟာ စစ်အစိုးရနဲ့ကိုယ်နဲ့ အင်အား ဆတူလောက်လို့ ပြောနိုင်လိုက် တဲ့ ကာလဖြစ်ပါတယ်။ လှုံ့ဆော်ပြီးဖြစ်နေတဲ့ လူထု၊ လှုပ်ရှားမှုအတွေ့အကြုံရှိနေတဲ့ လူထု နဲ့ ရှေ့တန်းက ပါဝင်ခဲ့သူတွေ အသင့်ရှိနေပါတယ်။ စစ်အစိုးရရဲ့ စစ်တပ်နဲ့ အုပ်ချုပ်ရေး ယန္တရားကြီးထဲမှာလည်း အရေးတော်ပုံရဲ့ဂယက်ဟာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အာရုံစိုက်မှုရောကိုပါ ထည့်တွက်လိုက်ရင် စစ်ရေးမပါ၊ အတွေးအခေါ်ရေး၊ နိုင်ငံရေးမှာ ကိုယ့်ဖက်က သာနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဗကပ ပြိုကွဲတဲ့အတွက် ဒီချုပ်ကို မထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် ဗကပ ပြိုကွဲတဲ့အတွက် စစ်အစိုးရမှာ စစ်ရေး အချိုးအစားအရ အများကြီး သာသွားပါတယ်။ တပ်တွေလည်း အများကြီး အားသွားပါတယ်။ ထိုင်းနယ်စပ် မှာ သူတို့ရဲ့တပ်တွေ အများကြီး တိုးချဲ့နိုင်သွားပါတယ်။

ဗကပပြိုကွဲပေမယ့် နိုင်ငံရေးအရ ပြည်သူတွေဖက်က အသာစီးရနေပါသေးတယ်။ ဒါကို ၁၉၉ဝ ရွေးကောက်ပွဲက အထင်ရှားဆုံး သက်သေပြခဲ့ပါတယ်။ ပြည်သူလူထုကြီးက မဲပုံ အောထည့်ခဲ့တာကိုကြည့်ရင် ပြည်သူလူထုထဲမှာ တိုက်ပွဲစိတ်ဓာတ်တွေ လွှမ်းမိုးဖြိုးဝေနေ ဆဲဆိုတာကို ပြနေပါတယ်။ နောက်တပွဲ စမ်းချင်သေးလားဆိုတဲ့ စိတ်ဓာတ်မျိုး ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုအခါမှာ အခြေအနေက အဲဒီလိုမဟုတ်ပါဘူး။ အချိုးအစားအရ သူ့ဖက်က အများကြီး သာနေပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာ ဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအ ဖ အဖို့ ချောချောမွေ့မွေ့ မဟုတ်တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။

ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိ ပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင် မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခု လိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာ မယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မ ထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ် အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ် ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင် ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဖိုးမသေးတဲ့ သင်ခန်းစာပါ။

ပြည်သူလူထုက စားဝတ်နေရေးထဲ နစ်နေတယ်၊ ကြောက်နေတယ်ဆိုတာဟာ ယာယီ ကိစ္စ ဖြစ်ပါတယ်။ ၁၉၈၇-၈၈ ကာလတွေတုန်းကလည်း ပြည်သူလူထုရဲ့ စီးပွားရေးအခြေ အနေဟာ မကောင်းပါဘူး။ ငွေစက္ကူတွေ အလဟဿဖြစ်ကုန်ရတဲ့ အမှောင့်ကြောင့် ပိုဆိုး နေတဲ့အချိန်ပါ။ ဒီလို ပြောနည်းရဲ့ လောဂျစ်အတိုင်းဆိုရင် လူတွေဟာ စားဝတ်နေရေး ပြေလည်မှ နိုင်ငံရေးလုပ်ကြမှာလိုလို၊ လမ်းပေါ်ထွက် ဆန္ဒပြကြမှာလိုလို ဖြစ်နေပါတယ်။ မဟုတ်ပါဘူး။ ခေါင်းဆောင်လုပ်မယ့် လူတွေကသာ ပြည်သူလူထုကို တကယ်တမ်း သ ဘောပေါက်အောင်၊ တကယ်ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြ လုပ်နိုင်မယ်ဆိုရင် အိမ်ရှင်မတွေတောင်မှ ငြုတ်ဆုံနဲ့ တံမြက်စည်းကို အောက်ချပြီး လမ်းပေါ်ကို ထွက်လာ ကြမှာပါ။ ကိုယ့်ဖက်က ပြင်ဆင်တာ၊ လုပ်ကိုင်တာမကောင်းတာကို ပြည်သူလူထုအပေါ် ပုံချလို့ အဖြေမထွက်ပါဘူး။ ပြည်သူလူထု နားလည်သဘောပေါက်အောင်၊ ပါဝင်ချင် အောင် ကိုယ်က လုပ်မပြ၊ ပြောမပြနိုင်တာဟာ ကိုယ့်ရဲ့ ပြဿနာ ဖြစ်ပါတယ်။ ရှစ်လေး လုံး တုန်းက လူထုကြီးပါလာတာဟာ ရှေ့ကလုပ်ပြတဲ့ လူတွေ များလို့ဖြစ်ပါတယ်။ ပြော တာသက်သက်နဲ့ မဖြစ်ပါဘူး။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို မလိုလားသူတွေအဖို့ ဒီနေ့ အဓိကလုပ်ရမယ့် လုပ်ငန်းဟာ အင်အားအချိုးအစား ပြောင်းလဲနိုင်ရေးဖြစ်ပါတယ်။ အင်အားအချိုးအစား ပြောင်းလဲရေးဆိုတာမှာ ပြည်တွင်းမှာ အင်အားအချိုးအစား ပြောင်း လဲရေးကို ပြောတာပါ။ ပြည်ပမှာကတော့ အခုတောင်မှ ကိုယ့်ဖက်က အရေအတွက်အရ ရော၊ နိုင်ငံရေးအရရော အများကြီး သာလွန်နေတာပဲ။ ဒါပေမယ့် ဘာမှ ထိထိရောက် ရောက် မလုပ်နိုင်ဘူး မဟုတ်ပါလား။

ကိုယ့်တိုင်းပြည်ကြမ္မာကို ကိုယ့်လက်ထဲမှာထား၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် ဖန်တီးဖို့ သိပ်အ ရေးကြီးပါတယ်။ သူတပါးနိုင်ငံက၊ ပြည်ပက ပါဝင်ဖြေရှင်းတာဟာ အကျင့်ပါတတ်ပါ တယ်။ အဲဒီလို သမိုင်းကြောင်းရှိခဲ့လို့ အခုအထိ ကိုယ့်ပြည်တွင်းရေးကိစ္စတွေ ဖြေရှင်း၊ လုပ်ကိုင်ရာမှာ ပြည်ပနိုင်ငံတွေ ကန့်လန့်ပါနေတဲ့ နိုင်ငံတွေ ကမ္ဘာမှာ အများအပြားတွေ့ နေရဆဲဖြစ်ပါတယ်။ ဒါဟာ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အပြင် ကြာတော့ ပိုရှုပ်ထွေးတာတွေ ဖြစ်တတ်ပါတယ်။

ပြည်ပအကူအညီဆိုတာ မလိုအပ်ဘူးမဟုတ်၊ လိုအပ်ပါတယ်။ အထူးသဖြင့် ဒီနေ့ ကာလ လိုအခါမှာ ကိုယ့်အတွက်အကျိုးရှိရင် လက်ခံရမှာပါ။ ဒါပေမယ့် ဒါကို အဓိကအခန်း မပို့ မိဖို့ သိပ်သတိထားရပါမယ်။ နောက်ပြီး ပြည်ပအကူအညီဆိုတာဟာ ကိုယ်က တောင်းချင် တိုင်း တောင်းလို့ရတာမဟုတ်၊ သူတို့က သူတို့နိုင်ငံအတွက် အကျိုးရှိတယ်ထင်မှ ပေး တယ်ဆိုတာကို မေ့လို့မဖြစ်ပါဘူး။ တဆက်ထဲမှာ ပြည်ပအကူအညီ လျော့နည်းသွားလို့ စိတ်ပျက်တာ၊ များလာလို့ အားတက်တာ စသဖြင့် မဖြစ်သင့်ပါဘူး။ ဒီတကွေ့မှာ နိုင်ငံ တကာအခြေအနေဟာ ဘာမဆို ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ကိုယ့်တပ်ကိုယ် ပြင်ဆင် ထားဖို့လိုသလို ရှေ့ခြေလှမ်းကို ပြည်တွင်းဖက် သေချာဦးတည်ထားဖို့ လိုပါတယ်။

ပြည်တွင်းမှာ ကိုယ့်အင်အားတွေ တိုးပွားသလား၊ ဆုတ်ယုတ်သလားဆိုတာသာ အရေး ကြီးဆုံး ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ အရေးတော်ပုံကို ဒီအချက်က အဆုံးအဖြတ်ပေးမှာပါ။ ဒါကြောင့် အခြေအနေကို ရဲရဲကြည့်ပါ။ အမှန်ကို ဆုပ်ကိုင်နိုင်အောင် ကြိုးစားပါ။ အခြေ အနေမှန်ပေါ် ကနေ လုပ်ငန်းချမှတ်ပါ။ လက်တွေ့လည်းလုပ်ပါ။


ရဲဘော် ဖိုးသံချောင်း