Wednesday, September 9, 2009

မယ်တောင်မိုင်ရွာက ဈေးသည်

မဲဆောက်မြို့အနီး မယ်တောင်မိုင်ရွာကလေး မှာ မြန်မာပြည်သား စက်ရုံအလုပ်သမားတွေ ကို အားကိုယ်းပြီး ဈေးရောင်းစားနေရတဲ့ မြန် မာပြည်သား ပျံကျဈေးသည်တွေအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး လုံးဝဈေး ရောင်းခွင့် မပြုတော့ဘူးလို့ ကျေးရွာ သူကြီးရဲ့ အမိန့်ပေးတားဆီးခြင်းကို ခံလိုက်ရပါတယ်။

မြန်မာပျံကျဈေးသည် အများစုဟာ အတိုးပေးပြီး ချေးထားတဲ့ငွေနဲ့ တဆင့်ခံဝယ်ရောင်း သူတွေ၊ အသီးအရွက်တွေကို ရှာဖွေခူးဆွတ်ရောင်းရင်း မိသားစု ဝမ်းစာပြည့်အောင် ကျောင်းနေအရွယ် ကလေးပါမကျန် ရှာဖွေစားသောက်နေထိုင်ကြရတာကို နေ့စဉ်မြင်တွေ့ နေကြရတဲ့ ဘဝတူမြန်မာပြည်သား အလုပ်သမားတွေရဲ့ ဝယ်ယူအားပေးမှုကို ရရှိနေတဲ့ ပျံကျဈေးသည်တွေဟာ တစ်ရက်ကို (၅၀) ဘတ်အခွန်ဆောင်ပြီး ဈေးရောင်းစားနေကြ သူတွေပါ။

ဘာသာစကားအခက်အခဲမရှိခြင်း ဈေးသက်သာခြင်း ဘဝတူချင်းစာနာမှုတို့ကြောင့် မြန်မာ အလုပ်သမားတွေရဲ့ ဝယ်ယူအားပေးမှုကို အများဆုံးရရှိကြတဲ့ မြန်မာပျံကျဈေးသည်တွေ ကို မကျေနပ်တဲ့ ထိုင်းဈေးသည်တွေက ရွာသူကြီးအပေါ် တိုက်တွန်းဖိအားပေးမှုကြောင့် မြန်မာဈေးသည်တွေဟာ အခုဆိုရင် ဘဝရပ်တည်မှုတခုအတွက် ဘယ်လိုအခက် အခဲ တွေဖြစ်နေမယ်ဆိုတာ စာဖတ်သူအနေနဲ့ တွေးကြည့်ရင် ပြေးကြည့်တာထက် ပိုမြင်နိုင် မှာပါ။

ဒီလိုဖြစ်နေတာတွေဟာ ဗမာအစိုးရရဲ့ အုပ်ချုပ်ရေးစနစ်ကြောင့်လား ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျှက်ရှိတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ လူမျိုးရေးခွဲခြားခြင်းကြောင့်လား ဒါမှမဟုတ် လူ သားခြင်း မစာနာမှုတွေလား နောက်ထပ်ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်ဖြစ်နေအုံးမှာလား ထိုင်း နိုင်ငံတဝန်းလုံးမှာ ဒီလိုဖြစ်ရပ်မျိုးတွေ ဘယ်နှစ်ကြိမ်လောက်ဖြစ်ခဲ့ပြီးပြီလဲ ဘယ်လောက် ထိအောင် ထပ်ဖြစ်နေအုံးမှာလဲ ..

“ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်တဲ့မြေ ”
ငယ်ငယ်က ကျောင်းမှာ သီဆိုနေကျ ကမ္ဘာမကြေသီချင်းထဲ သီချင်းစာသား အပိုင်းအစ တချို့က စိတ်ထဲပေါ်လာတယ်။ ကိုယ့်တိုင်းပြည်ရဲ့ မြေပေါ်မှာ ကိုယ်ရှိမနေတာ၊ ကိုယ့်မြေ ပေါ်မှာ ရှင်သန်ခွင့်တွေမရကြတာ၊ ကိုယ့်မြေပေါ်မှာ ကိုယ်ပိုင်ဘ၀တွေ ထွန်ယက်စိုက်ပျိုးခွင့် တွေနဲ့ ဝေးခဲ့တာတွေ၊ ပိုင်းရှင် မရှိဖြစ်နေခဲ့ရတဲ့ ဘ၀တွေ … ဘ၀တွေ … ဘ၀တွေ

မာန်(ခွန်အားသစ်)

No comments: