Sunday, September 6, 2009

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနား ကျင်းပ

(စက်တင်ဘာ ၇)

မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာ တော် အသျှင်ဦးဥတ္တမ ပျံလွန်တော်မူခဲ့ရတဲ့ အောက်မေ့ဘွယ်အခမ်းအနားကို ယမန်နေ့က ဘန်ကောက်မြို့မှာ ရခိုင် အမျိုးသားများ စု ပေါင်းကျင်းပခဲ့ကြသည်။


ရခိုင်အလုပ်သမား အများစုဆုံရပ်ဟုဆိုနိုင်သော ဘန်ကောက်မြို့ ဖလန်းဆောင်၊ ထခန်း နယ်မြေ၊ ဘုန်းတော်ကြီးကျောင်းတွင် ဘန်ကောက်အခြေစိုက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရခိုင်အလုပ်သမားအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို ချင်းမိုင်နဲ့ဘန်ကောက်မြို့မှာ ပညာသင်ကြားနေကြသော ရခိုင် သံ ဃာတော်များ၊ ပြည်ပရောက် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဇင်လင်းတို့အပြင် ပြည်ပရောက် အမျိုးသားကျောင်းသားဟောင်းများအဖွဲ့၊ ရခိုင် ၀ံသာနု စာပေအသင်းနဲ့ အလုပ်သမားများ စုစုပေါင်း သုံးရာဝန်းကျင်ခန့် တက်ရောက်ခဲ့ကြပါ တယ်။

ချင်းမိုင်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ရခိုင်ရဟန်းတော်တပါးက “တိုင်းပြည်နဲ့ လူမျိုးအတွက်ကိုယ်ကျိုးမဖက်ပဲ စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို အာဇာနည်လို့အသိအမှတ်ပြု ကြမယ်ဆိုရင် ဆရာတော်ဦးဥတ္တမ ဟာ အာဇာနည်ထက် အာဇာနည်ဖြစ်ပါတယ်။ ကိုယ် ပိုင်ဥစ္စာပစ္စည်းဆိုလို့ ဘာတစ်ခုမှမကျန်ခဲ့သလို ကိုယ်အကျိုးအတွက်လုပ်ခဲ့တယ် ဆိုတာ လည်း ဘာမှမရှိခဲ့တာကြောင့် တကယ့်အာဇာနည်ပုဂ္ဂိုလ်ထူး ရဟန်းတစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ဟာ ရခိုင်အတွက် ကွက်ပြီးလုပ်ခဲ့တာမဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံး လွတ် လပ်ရေးရရှိရေးအတွက်လုပ်ခဲ့တာပါ။

ကမ္ဘာ့နိုင်ငံတွေကို သွားခဲ့တယ်ဆိုရာမှာလည်း ဒီခေတ်မှာလို ပရိုပိုဇေခရီးစရိတ်နဲ့လေ ယာဉ်စီးသွားခဲ့တာမဟုတ်ပါဘူး။ လမ်းလျှောက်၊ လှေစီးပြီးကြွခဲ့တာတွေအများကြီးပါ တိုင်း ပြည်အတွက် တကယ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်မှာ ဖျင်သင်္ကန်းပဲရှိခဲ့တာပါ။ ဆရာတော်ကျေးဇူးကို ဦးပဇင်း တို့ ဘယ်တော့မှမေ့ပျောက်လို့မရနိုင်ပါ’’ ဟု မိန့်တော်မူပါတယ်။

အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ထိုင်း) ဥက္ကဋ္ဌဦးခိုင်အံ့မောင်က “ဆရာတော်ဦးဥတ္တမဟာ တကယ့်ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ ငယ်စဉ်က ပညာကိုတတ်မြောက်အောင်သင်ကြားခဲ့ပြီးတော့၊ နိုင်ငံတကာမှာ ပါမောက္ခ၊ ကထိကတွေလုပ်ခဲ့တယ်၊ ကျနော်တို့မြန်မာနိုင်ငံကိုယ်လိုနီနယ်ချဲ့အောက်မှာ ပြားပြားမှောက်အောင် အကြောက်တရားတွေကြီးစိုးနေတဲ့ အချိန်မှာ တိုင်းပြည်ကျွန်ဖြစ်ပြီး အမှောင်ကျနေတဲ့အချိန်မှာ။ လွတ်လပ်အောင်လုပ်ရမယ် ငါတို့တော်လှန်ရမယ်၊ ညီညွတ် ကြရမယ်စတဲ့ ၀ံသာနုရက္ခိတတရားတွေကို နိုင်ငံအနှံ့လှည့် လည်တရားဟောခဲ့တယ်။ ဆယ်အိမ်ခေါင်းကအစ ဒူးတုန်အောင်ကြောက်နေရတဲ့အချိန်မှာ၊ အဲဒီတုန်းက မြန်မာနိုင် ငံမှာ ဘုရင်ခံအဖြစ် အုပ်ချုပ်နေတဲ့ ဆာရယ်ဂျီနယ်ကရက် ဒေါက်ကို “ကရက်ဒေါက် မင်း မြန်မာပြည်ကထွက်ပြီး အိမ်ပြန်လိုက်ပါ။ CRADDOCK GET OUT” ဆိုပြီး ပေးစာတ စောင်ကို ရေးပေးလိုက်တယ်။

အဲဒီပေးစာကို သူရိယသတင်းစာမှာလည်း ရေးသားဖေါ်ပြလိုက်တယ်။ မြန်မာနိုင်ငံသား တွေ အိပ်နေတာကို ဆရာတော်ကလှန့်နှိုးလိုက်တယ်။ မှောင်နေတဲ့စိတ်တွေကို မီးထွန်း ပေးလိုက်တယ်ခင်ဗျ။ ဆရာတော်ရဲ့ မကြောက်တရားတွေပြန် လည်နိုးထစေလိုတဲ့ ရည် ရွယ်ချက်နဲ့ကျနော်တို့ ဒီလိုအခမ်းအနားကို ကျင်းပရတာဖြစ်ပါတယ်” ဟု ပြောပါတယ်။

အခမ်းအနားကို သဘာပတိအဖွဲ့ဝင်အဖြစ် ဆောင်ရွက်သူ ပြည်ထောင်စု မြန်မာနိုင်ငံအ မျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဦးဇင်လင်းက “မြန်မာ့လွတ်လပ်ရေးကို ဆရာတော် ဦး ဆောင်ခဲ့တာပါ။ ဆရာတော်ရဲ့လမ်းပြမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့လို သခင်နုတို့လို ခေါင်းဆောင်တွေပေါ်လာခဲ့တာပါ။ ဆရာတော်ရဲ့ လမ်းပြမှုဟာအရင်ကလည်း ရှိခဲ့သလို ဒီနေ့အထိလည်းရှိတုန်းပါပဲ။ကိုယ်ကျိုးမဖက်ပဲမြန်မာ့လွတ်လပ်ရေးကို ကြိုးပမ်းရင်း ထောင် အကြိမ်ကြိမ်ကျပြီးပင်ပန်းဆင်းရဲ စွာနဲ့ပျံလွန်တော်မူခဲ့ရတာပါ။ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ ပထမဦးဆုံးနိုင်ငံရေးအကျဉ်သား ရဟန်းအာဇာနည်းပါ။ ဗြိတိသျှတို့ရဲ့ မှတ်တမ်းတစောင် မှာ ဘယ်လိုရေးထားလည်းဆိုတော့ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံတို့ တော်လှန်ပုံကန်တာဟာ ဆရာတော်ဦးဥတ္တမရဲ့ လမ်းညွှန်မှုတွေကြောင့် ဖြစ် လာရတယ်လို့ မှတ်တမ်းပြုထားတာကို ကျနော်ဖတ်ဖူးပါတယ်။ ဆရာတော်က အဲဒီ ခေတ်က ဒိုင်အာခီအုပ်ချုပ်ရေးကို တော်လှန်ကန့်ကွက်ခဲ့ပါတယ်။ ဒိုင်အာခီအုပ်ချုပ်ရေး ဆိုတာ လာမယ့် ၂၀၀၈ ခုနှစ်မှာ နအဖ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံနဲ့ အတူတူပါ။ ကျနော်တို့ ဆရာတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆရာတော်ရည်မှန်းခဲ့တဲ့ စစ်မှန်တဲ့လွတ်လပ်ရေး။ ဒီမိုကရေစီရေးရအောင်။ ကျနော်တို့လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့် ကွက်ခြင်းဟာ စစ်အာဏာရှင်တွေကို တော်လှန်သလို ဆရာတော်ကို ကျေးဇူးဆပ်ရာ လည်းရောက်စေပါတယ်” ဟုပြောပါတယ်။

အခမ်းအနားကို နေ့လည် ၁၂ နာရီမှာ စတင်ကျင်းပါတယ်။ ဆရာတော် ဦးဥတ္တမ ရဲ့ ပန်းချီ ကားပုံတော်ရှေ့မှာ် ဖယောင်တိုင် အမွှေးတိုင်များ ကပ်လှူပူဇော်ထားပြီး တက်ရောက် လာတဲ့ ပရိတ်သတ်တွေက နှင်းဆီပန်းတပွင့်စီနဲ့ လာရောက် ပူဇော်ကန်တော့ရှိခိုး ကြပါ တယ်။

အဲဒီနောက် ဆရာတော်ဂုဏ်ပြုသီးချင်းကိုဖွင့်ထားပြီး တမိနစ်ငြိမ်သက်ခြင်းဖြင့် ဂါရ၀ပြုကြ သည်။ သဘာပတိအဖွဲ့ဝင်များ အလှည့်ကျဟောပြောပြီးနောက် ရခိုင်မုန့်တီဖြင့် ဧည့်သည် တွေကို ကျွေးမွေးကြသည်။ တက်ရောက်လာသူများက မိနစ်အနည်းငယ်စီ အမြင်သ ဘောထားများကိုတင်ပြဆွေးနွေးပြီး ညနေ ၃နာရီကျော်ခန့်တွင် အခမ်းအနားကို အောင် မြင်စွာရုတ်သိမ်းခဲ့ပါတယ်။

ဆရာတော် ဦးဥတ္တမ ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်သာမက အာရှနိုင်ငံများ ကျွန်ဘ၀မှလွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံတွင် ကျင်းပသော နိုင်ငံပေါင်းစုံ ကွန်ဖရင့် တွင် ကိုလိုနီစနစ်ဆန့်ကျင်ရေး မဟာဗျူဟာလက်အောက် အာရှနိုင်ငံများ သွေးစည်းညီ ညွတ်ရေးစီမံကိန်း တရပ်ကို တင်သွင်းခဲ့သဖြင့် ထို့အချိန် ကမ္ဘာ့ခေါင်းဆောင်များက SUN OF ASIA အာရှနေ၀န်းဟု အသိအမှတ်ပြုပြောဆိုခဲ့တာကို နိုင်ငံတကာ သတင်းစာများမှာ ရေးသားဖေါ်ပြခဲ့သည်။ ဟိန္ဒီလူမျိုးများ၊ ဟိန္ဒီပညာရှင်အများအပြားရှိသော အန္ဒိယနိုင်ငံ မဟာဆဗ္ဗအသင်းကြီးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်။

ဆရာတော် ငယ်စဉ်က ပညာကိုသင်ကြားလိုစိတ် အထူးပြင်းပြသူ တဦးဖြစ်ပြီး ဂျပန်နိုင်ငံ နဲ့ အန္ဒိယနိုင်ငံတို့တွင် ပါမောက္ခအဖြစ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ဆရာတော်သည် မြန်မာ၊ ပါဠိ၊ ဘင်္ဂလီ၊ သက္ကင်္ရိုက်၊ နာဂလီ၊ အင်္ဂလိပ်၊ တိဘက်၊ ပြင်သစ်နဲ့ ဂျပန်ဘာသာ စတဲ့ ဘာသာ (၉) မျိုးတို့ကိုရေး၊ ဖတ်၊ ပြောဆိုနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ပထမ ဦးဆုံးပြည်ပ ခရီးသွားမှတ်တမ်း ဟုဆိုအပ်သော ဂျပန်ပြည် အတ္ထုပ္ပတ္တိစာအုပ်အပြင် ပရို ဖက်ဆာ မောင်မောင် အမည်နဲ့ ရေးတဲ့ “ဒိန်တလိန်းနတ်ဝတ္ထု” နဲ့ “ဘုန်းဘုန်းကိုယ်တွေ့ ဘုံဓလေ့” ၀တ္ထုများကို ရေးသားထုတ်ဝေခဲ့ပါတယ်။ သူရိယ သတင်းစာ၊ အန္ဒိယနိုင်ငံထုတ် သတင်းစာတို့မှာ ခေါင်းကြီး၊ ဆောင်းပါးမြောက်များစွာတို့ကို စဉ်ဆက်မပြတ် ရေးသားခဲ့ပါ တယ်။

ဆရာတော်၏ ကျေးဇူးတရားကို သိရှိတဲ့အနေနဲ့ ဆရာတော် အထိမ်းအမှတ်ပွဲများကို မြန် မာနိုင်ငံတွင် ဂုဏ်ပြုကျင်းပခွင့် မရရှိနိုင်ကြသော်လည်း နိုင်ငံတကာတွင် ရောက်ရှိနေကြ တဲ့ ရခိုင်လူငယ်များအပါအ၀င် အတိုက်အခံ နိုင်ငံရေးအင်အားစုများမှာ ဆရာတော် ပျံ လွန်တော်မူတဲ့ နေရက်ရောက်တိုင်း အခမ်းအနားများကို သတိတရ ကျင်းပလေ့ရှိကြပါ တယ်။

ကိုကျော်သောင်း (ဘန်ကောက်)

No comments: